ရှေ့တန်းတစ်ရက် နှင့်



  • 💖

           လူပေါင်း အယောက်၂၀ ပါတယ်။ ဆိုင်ကယ်၁၀စီး။ ၂ယောက်တွဲချည်းပဲ။ လူ၂ယောက်မှ သေနတ်၁လက်နှုန်း၊ ၁၀လက်ပြည့်အောင်မပါ။ လက်လုပ် သေနတ် တူမီးချည်း၉လက်။ ဒါဆိုကျန်တဲ့လူ၁၀ယောက်ကကော။ ဟုကဲ့ ။ လူပိုတွေလိုပါ။ ဓားလေးတွေ ကိုယ်စီနဲ့။ ဒါတောင် အစေ့အင မပါလာကျ။ 

  •        ရှေ့တန်းထွက်တဲ့အဖွဲ့တဲ့ ။ လူတေက လူငယ်ပိုင်းတွေချည်း။ အသက် ၂၀/၃၀ ဝန်းကျင်တွေ။ လက်နက် မလောက်။ သေနိုင်မာသိသိနဲ့ အတူလိုက်လာကြတာ။ တက်တက်ကြွကြွ။ 

  •     ပျူစောထီးကျေးရွာ။ အကြမ်းဖက်စစ်တပ် အင်အားအသင့်အတင့် အထိုင်ချထားသည်။ ပျူစောထီးအကြမ်းဖက်သင်တန်းများလည်းပေးနေသည်။ ဒေသတဝိုက် ကျေးရွာတွေကို လှည့်လည် မီးရှို့သည်။ တွေ့ရာလူ ဖမ်းချင်ဖမ်းသည်၊ နှိပ်စက်သည်။ ပြည်သူပိုင်၊ ကြက်၊ ဝက်၊ ကျွဲ၊ နွားများလည်း အတင်းအကျပ် ယူဆောင်ကာ၊ ပစ္စည်းအသုံးအဆောင်များကိုပါ လှည်းနဲ့တိုက်ယူသည်။ အကြမ်းဖက်စစ်တပ်နှင့်ပေါင်းကာ လက်နက်နှင့် ဗိုလ်ကျ နှိပ်စက် နေသည့် သတင်းမှာ အော့နှလုံးနာစရာကောင်းလှသည်။ ဒီယုတ်မာမှုမျိုး ကိုယ့်ရပ်ကိုယ့်ရွာ ‌ရောက်မလာအောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် ရွားသားလူငယ်များစုစည်းကာ ရှေ့တန်းထွက်လာကြခြင်းဖြစ်ပေသည်။
  •            နီးစပ်ရာ ဒေသတွင်းလူငယ်များစုပေါင်းကာ စုစုပေါင်း၂၀၀ လောက်ရှိသည်။ လိုတာက လက်နက်။ လက်နက်ရှိလျှင် ရှေ့တန်းထွက်ကာ အကြမ်းဖက်တပ်ကို ပါဝင်တိုက်ခိုက်လိုသည့် လူငယ်များရှိသေးပေသည်။ လက်နက်မရှိ၍သာ အံကြိတ်နေကြရသည်။ ယခုလူငယ်များကား လက်နက်မပြည့်မစုံနှင့် ‌အသက်ဘေးကိုမငဲ့ကွက်ဘဲ စွန့်စား လိုက်ပါလာခြင်းလည်းဖြစ်သည်။

     

  •     ကင်းစောင့်မည့်နေရာရောက်တော့ သိသူရောမသိသူရော စုံသည်။ တစ်ချို့ဆို တစ်မိသားစုတည်း ၂/၃ယောက်ပါသည်။ လူငယ်တွေ သေနတ်တွေ ဓားတွေ ကိုင်ထားပေမယ့် အားလုံးမှာ ဘုံရည်မှန်းချက် တစ်ခုသာရှိသည်။ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ အထက်တက်မလာဖို့။ မိမိရပ်ရွာ ကာကွယ်ဖို့။ အေးအေးဆေးဆေးပါပဲ။ စကားပြောဖြစ်ကြ။ ဘယ်ရွာကလဲ အပြန်အလှန်မိတ်ဆက်မိကြ။ အလှူပွဲ၊ ဇာတ်ပွဲများတွင် ရန်ဘက်တွေ ဖြစ်နေတတ်သည့် လူငယ်တွေ ခုများစည်းလုံးနေလိုက်ကြတာ အားရစရာပါ။

  •            ပျူကျေးရွာနှင့်အနီးအနားဆုံးရွာက လူငယ်များကား ကင်းစောင့်ကာ ပျူစောထီးအကြမ်းဖက်များရန်မှ ကာကွယ်ပေးနေသည်မှာ အတန်အသင့်ကြာပေပြီ။ အထက်ပိုင်းကျေးရွာများသာ ယခုမှ ပူးပေါင်းပါဝင်လာကြခြင်းဖြစ်သည်။(အစက ပျူကျေးရွာနှင့် အလှမ်းဝေးတော့ အေးနေခဲ့) ဘယ်နည်းနဲ့မဆို အထက်ပိုင်းအောက်ပိုင်းပေါင်းမိတော့ သူတို့လည်းအားရှိသည်။ လက်နက်အင်အား မပြည့် စုံသော်လည်း သေတူရှင်တူ အတူတိုက်ကြမည့် ရဲဘော်တွေမှန်းသိတော့ အားလုံးမှာယုံကြည်မှုရှိကြသည်။ 

  •            ရဲဘော် တွေနှင့် ပေါင်းပီးသာ လိုက်လာရသည်။ ဓားလေးတစ်ချောင်းသာ အဆောင်ပါလာသည်။ ရွာက ထွက်ကြတော့ နေ့လည်လောက်။ လူအကြာကြီးမစုလိုက်ရ။ တစ်ချို့က လက်နက်မရှိတော့ နေလိုက်ကြသည်။ ခဏနေတော့ စထွက်သည်။ ဆိုင်ကယ်တွေတန်းစီလို့၊ သေနတ်တွေလည်းထောင်လျက်၊ မြင်သူ အားကျစရာ။ ရပ်ရွာကိုကာကွယ်မည့်၊ ပြည်သူတွေရဲ့စစ်ကြောင်း။ အကြမ်းဖက်စစ်တပ်ကို ကို့ရွာမှာ ခြေမချရဲအောင် ကာကွယ်မည့် ကို့ ရွာလူငယ် သူရဲကောင်းများကို အားပေးကြတာပေါ့။


  •      ပြည်သူ့ရဲဘော်များအထိုင်ချထားသည့် နေရာရောက်တော့ တာဝန်ခံခေါင်းဆောင်နှင့် အရင်သွားတွေ့ကြသည်။ ဘယ်ရွာက ၊ လက်နက်အင်အားဘယ်လောက်ပါကြောင်းပေါ့။ ပီးတော့ ခေါင်းဆောင်က တာဝန်နေရာခွဲပေးသည်။ နေ့ခင်းဆိုတော့ မြင်သာသည်။ ဒါကြောင့်အားလုံးက အေးအေးဆေးဆေးရှိသည်။ အကြမ်းဖက်စစ်တပ်နှင့် ပျူူစောထီးများ ချဉ်းကပ် လာနိုင်သည့်လမ်းကိုပါ။ ရဲဘော် တစ်ချို့ကတော့ ကင်းပုန်းသေချာအောင် စောင့်ကြည့်နေကြသည်။ ကင်း ပေါက်လျှင် အားလုံးအစားခံရမည့် ပုံသေနည်းကြောင့်ပင်။
  •         ညနေ‌ရောက်တော့ ထမင်းထုတ်တွေလာပို့သည်။   ဘယ်သူလာပို့သလဲမေးကြည့်တော့ ခေါင်းဆောင်က စီစဥ်ထားကြောင်း သိရသည်။ ထောက်ပို့ နှင့် နောက်တန်းရဲဘော်များက လာပို့ခြင်းဖြစ်သည်။ ထမင်းစားပီးတော့ နေရာယူကြသည်။ သေနတ်မရှိသော သူတစ်ချို့က နောက်မှာ။ ‌လက်နက်က တစ်ယောက်တစ်လက်ပင်မရှိလေတော့။ တူမီးနှင့် လက်နက်ပါသော ညီနောင်များက ရှေ့မာ အသင့်အနေအထား။ 
  •          ခဏနေတော့ အမှောင်ထုက နေရာယူလာသည်။ အားလုံးသတိရှိရန်။ အသင့်အနေအထားရှိရန် ခေါင်းဆောင်က လိုက်ပီးသတိပေးသည်။ တကယ့်စစ်တပ်လိုကြီးမဟုတ်။ အကြမ်းဖက်စစ်တပ်ကို တော်လှန်လိုစိတ်ပြင်းပြသော လူငယ်များ ခုမှ လက်နက်ကိုင် တော်လှန်သော လူင

    ယ်အင်အားစုသာ ဖြစ်သည်။ တသွေးတသံ တစ်မိန့်နှင့် နာခံနိုင်မှု အပိုင်းမာတော့ အကြမ်းဖက်စစ်တပ်ကို မမီချေ။ ခုမှ ရည်ရွယ်ချက်တူညီသော တော်လှန်လူငယ်များ စုဖွဲ့မိခြင်းသာ ဖြစ်သည်။ 

  •            ညရောက်တော့ အခြေအနေစောင့်ကြည့်ကြသည်။ အကြမ်းဖက်ပျူစောထီးများကား အရိပ်အယောင်ပင် မမြင်မိသေး။ လာနိုင်နိုးနိုးနှင့် သတိမလွတ်ရဲ။ အသက်သည် အပိုမပါချေ။



  • ညနက်တော့ ခေါင်းဆောင်မှ လိုက်နှိုးသံကြားရသည်။ ဟေ့ယောင်တွေ မအိပ်ကြနဲ့။ စသည့်အသံနှင့်။ ဟုသည်။ သေနတ်ကမပါ၊ အနားရောက်လာမှ ပါသည့် ဓားနှင့် တက်ခုတ်ရုံသာရှိသည်။ သို့သော် မဖြစ်နိုင်ပေ။ ပျူစောထီးများမှာကား လက်နက်ခဲယမ်းအစုံအလင်နှင့်။ စစ်တပ်က တပ်ဆင်ပေးထားသည်ကိုး။ 

  •           အတော်ကြာတော့ အမှောင်ထဲမှ လူလိုလို အရိပ်မြင်နေရသည်။ စစ်တပ်နှင့် ပျူစောထီးများတက်လာသလားဟုထင်မိသည်။ စောင့်ကြည့်သည်။ သေချာအောင်ကြည့်သည်။ လူလိုလိုအရိပ်ကား လှုပ်ရှားမှုမရှိ။ ငြိမ်၍သာနေသည်။ ရမ်းသမ်းပြီးပစ်လိုက်လျှင်လည်း ဟုလျှင် ကိစ္စမရှိ။ မဟုခဲ့လျှင် ပျူစောထီးများကို အသိပေးသလိုလည်း ဖြစ်နိုင်သည်။ တခြားရဲဘော်များအတွက်ပါ သတိပေးအချက်ပြသလိုဖြစ်ကာ လိုက်ပစ်ကြလျှင် ကျည်ကုန် လူပန်းလည်းဖြစ်မည်ပင်။ ထို့ကြောင့် အတိုင်းသာ ထိုင်ကြည့် အကဲခတ်နေလိုက်သည်။

  •         ဒီလိုနှင့် အဲ့တစ်ည မိုးလင်းခဲ့သည်။ တိုက်ပွဲ မဖြစ်လိုက်။ ပျူစောထီးအကြမ်းဖက်များလည်း တက်မလာ။ တက်လာလျှင်လည်း ကို့မှာ ပြန်ပစ်စရာ ကျည်က အလုံအလောက်မရှိ။ ပြန်ယှဥ်မပစ်နိုင်။ မောင်းပြန်ကို တူမီးနှင့် ပြန်ယှဥ်ပစ်ဖို့က မလွယ်။ တူမီးတစ်ချက်အတွက် အချိန်အမြန်ဆုံး ၃မိနစ်ခန့် အချိန်ပေးရသည်ကိုး။ ဒါတောင်ကျွမ်းကျင်တဲ့သူမှ။ 

  •          နံနက်ခင်းရောက်တော့ ထမင်းတစ်ခါလာပို့တာ စားရသည်။ နေ့ခင်းပိုင်းဆိုတော့ ထင်သာမြင်သာရှိ၍ သိပ် မစိုးရိမ်ကြ။ အကြမ်း‌ဖက်ပျူတွေလည်း ညပိုင်း၊ မနက် မလင်းခင် မှုန်ရီတဲ့အချိန်ပဲ ရွာတွေကို ဝင်ရောက်ခြင်းများသည်။ 

  •            လက်နက်ကမပါကြ။ လူပိုတွေလိုဖြစ်နေသော လူငယ်အချို့က ပြန်ကြမည်ပြောသည်။ ရွာပြန်ကာ ပြင်စရာရှိတာပြင်ပေါ့။ ယခုက ပြန်ပစ်စရာတောင်ဘာမှမရှိ ဆိုတော့။ ခေါင်းဆောင်ကို သွားရောက်နှုတ်ဆက်သည်။ အခြေအနေမကောင်းလျှင် ရှိတဲ့ လက်နက်အင်အားနဲ့ ချက်ချင်းအောက်ပိုင်းပြန်ဆင်းခဲ့မည်ဟု အားပေးခဲ့သည်။ ပြန်စေချင်ပုံတော့မရ ။ ဟုသည်ပေါ့ ။ သူတို့လည်း အားလျော့တာပေါ့။ တားတော့မတားပါ။ လက်နက်အလုံအလောက်မရှိ၍ လူတွေချည်း နဲ့ ပြန်တိုက်ဖို့က အသေခံရုံပဲ ဖြစ်မာကို။ 
  •       ဒီလိုနှင့် ရွာလူငယ်များ တိုက်ပွဲမဖြစ်ဘဲ ဘေးမသီရန်မခ အိမ်ပြန်ရောက်လာသည်။ ရောက်တော့ လိုအပ်တာတွေ ပြင်ဆင်ဖို့ ဆွေးနွေးကြပေါ့။ လက်နက်ခဲယမ်းက ဝယ်ရမည်ဖြစ်သည်။ ငွေလိုသည်။ ဒါကြောင့် တော်လှန်ရေးတွင် ပံ့ပိုးနိုင်မည့်သူများထံသွားကာ တွေ့ဆုံသည်။ ထောက်ပံ့ပေးပါရန် အကူအညီတောင်းသည်။ အထိုက်အလျောက်တော့ ရသည်။ 
  •             စိတ်မကောင်းစရာသတင်းတစ်ခု ကြားလိုက်ရသည်။ ကြားရတာ စိတ်မသက်သာလှပါ။ တွေးရင်းလည်း စိတ်နာစရာကောင်းလှသည်။ တန်ဖိုးရှိသော လူငယ်တစ်ချို့ ပေးဆပ်ကြွေလွင့်သွားသည်။ ခေါင်းဆောင်အပါအဝင် လူငယ်အချို့ စတေးခံလိုက်ရသည်။ ကြယ်ပွင့်တစ်ချို့  ထာဝရ နှုတ်ဆက်သွားကြသည်။ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးအပေါင်းအပါများဧ။် လက်နက်ကြီး၊ လူသူအင်အား အလုံးအရင်းနှင့် ဝင်ရောက်စီးနင်းခံလိုက်ရရာ အိမ်ခြေ၁၀၀ ကျော်သည့်ကျေးရွာလည်း တစ်ရွာလုံးလိုလို ပြာကျသွားသည်။ ပျူစောထီးများဧ။် မီးရှို့ ဖျက်ဆီးခံလိုက်ရသည်။ 

  •              လက်နက်အင်အားမမျှသဖြင့် ရဲဘော်များ တပ်ဆုပ်ခဲ့ရသည်။ ကျဆုံးသွားသော လူငယ်ရဲဘော် ခေါင်းဆောင်ကို မျက်လုံးထဲ ပြန်မြင်ယောင်မိသည်။  ပြည်သူ တစ်ချို့လည်း ရက်စက်စွာ အသတ်ခံလိုက်ရသည်။ အိမ်တွေထဲ ထည့်ကာ မီးရှို့ခံလိုက်ရသည်။ ပြည်သူတွေအများကြီး စားသောက်စရာမရှိ ၊ အိပ်စရာမရှိ၊ နေစရာမရှိနှင့် အတိဒုက္ခ ရောက်ကုန်သည်။ အမျိုးဘာသာကို ကာကွယ်စောင့်ရှောက်နေသည်ဟု မပြတ်ကြွေးကြော်နေသော အာဏာသိမ်းစစ်တပ်နှင့် ပျူ‌စောထီးလောက်ကောင်များဧ။် ဖျက်ဆီးနှိပ်စက်မှုကြောင့်ပင်ဖြစ်သည်။ 
  •             ဖျက်ဆီးမီးရှို့ခံလိုက်ရသော ရွာအတွက် အကူညီ လိုအပ်သည်များ သွားရောက်ပို့ပေးခဲ့သည်။ စေ့ငရုံသာ ပေးနိုင်ခဲ့သည်။ 


              ကျဆုံးခေါင်းဆောင်နှင့် လူငယ်ရဲဘော်အချို့ အား- " ရဲဘော်တို့ တာဝန်ကျေသွားကြပီ။ ငြိမ်းချမ်းစွာ ထာဝရ အနားယူကြပါတော့။ ကျန်တဲ့တာဝန် ကျုပ်တို့ပဲ့ ဆက်ယူမယ်။ ရဲဘော်တို့ကို ထာဝရနှုတ်ဆက်ပါတယ်။"

            စိတ်ထဲကရော အသံထွက်ပီး‌ရော ပြောမိလိုက်တယ်။

            တမလွန်ကနေ သူတို့ ကြားပ့မလား။  😓😓😓




တက်လှိုင်း  (မင်းကင်း)

Comments

Popular posts from this blog

တော်လှန်ရေးသည်....

မင်ကင်းအတွက် ငိုခဲ့ရတဲ့နေ့