တော်လှန်ရေးသည်....
မြေပြင်မှာမနိုင်၍ ဝေဟင်ကိုပါ သုံးကာ တောာ်လှန်ပြည်သူကို ဦးချိုးဖို့ မီးကုန်ယမ်းကုန် ယုတ်မာပြသည့်တိုင်အောင် လူနေအိမ်ကျေးရွာများသာ ပြာဖုံးသွားရသည်။
တော်လှန်ရေးသည်ကား ရပ်တန့်မည့်အသွင်မရှိဘဲ ပိုမိုပြင်းထန်သော အရှိန်အဟုန်ဖြင့် ပို၍သာ တောက်လောင်လာသည်။
![]() |
လူနေအိမ်ကျေးရွာများကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပုံ |
အကြမ်းဖက်စစ်တပ်သည်လည်း တော်လှန်ရေးအားကောင်း၍ ၎င်းတို့မစိုးမိုးနိုင်သော ဒေသမြို့နယ်အချို့အား စစ်အုပ်ချုပ်ရေး(martial law)ထုတ်ပြန်ကြေငြာကာ ယခုထက်ပိုမို၍ ဖိနှိပ်မှု အကြမ်းဖက်မှု၊ ရက်စက်ယုတ်မာမှု စသည့်လူမဆန်သော ယုတ်မာမှုများ ဆက်လက်လုပ်ဆောင်ကာ ၎င်းတို့ အာဏာတည်မြဲရေးအတွက် ရသည့်နည်းနှင့် ကြိုးစားမည်ဖြစ်ကြောင်း အသိပေးခြင်းသာ ဖြစ်သည်။
တော်လှန်ရေးနှင့် တော်လှန်ပြည်သူများအတွက်ကား အကျိုးသက်ရောက်မှုကြီးကြီးမားမား မရှိချေ။
![]() |
လူနေကျေးရွာများကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ယူထားသည့် စစ်တပ်က ၊ ၎င်းတို့ကိုယ်တိုင်ပင် လေယာဥ်နှင့်ဗုံးကျဲကာ ကျေးရွာများကို ပြန်ဖျက်ဆီးနေပုံ |
၎င်းတို့စစ်တပ်သည် ပြည်သူလူထုအပေါ်တွင် ရက်စက်ယုတ်မာ အကြမ်းဖက်မှုများ သည် လုပ်ဆောင်နေဆဲဖြစ်ခြင်းကြောင့်ပင်။
စစ်အုပ်ချုပ်ရေးအောက်တွင် ဥပဒေဆိုတာ မရှိတော့ဘဲ ၎င်းတို့ စစ်တပ်သည်သာ အရာရာခြယ်လှယ်မည်ဖြစ်သည်။ ပြည်သူလူထုကို ဖမ်းချင်ဖမ်းမည်။ နှိပ်စက်ချင်နှိပ်စက်မည်။ ဝင်ချင်သည့်အိမ်ဝင်ရောက်ကာ ယူချင်တာယူမည်။ သိမ်းချင်တာသိမ်းမည်။ ပြည်သူလူထုပစ္စည်း ပြည်သူမပိုင်တော့ဘဲ ၎င်းတို့ စစ်အုပ်စုသာ ပိုင်ဆိုင်သကဲ့သို့ဖြစ်မည်။ သွားချင်ရာသွားခွင့်မရှိ။ လုပ်ချင်ရာလုပ်ခွင့်မရှိ။ ၎င်းတို့စစ်တပ်ကို ဖအေခေါ် ပြီးမှသာ လုပ်ခွင့်ရှိမည်။
ပြောရသော် စစ်အုပ်ချုပ်ရေးဆိုသည့်အောက်တွင် အခြေခံလူ့အခွင့်အရေးဆိုသည်မှာ ပျောက်ဆုံးကာ စစ်တပ်က အရာရာကို ကြိုးကိုင် ခြယ်လှယ်နေ၍ ပြည်သူလူထုမှာ အမှောင်ကျ အကျဥ်းသားမျှသာ ဖြစ်မည်။
ယခုအခြေအနေနှင့် ဘာကွာလဲ မေးစရာရှိသည်။ မကွာပါ။
ယခုလည်း ပြည်သူလူထုသည် အခြေခံလူ့အခွင့်အရေးများဆုံးရှုံးကာ၊ အိုးမဲ့အိမ်မဲ့နှင့် ဖမ်းဆီးနှိမ်စက် သတ်ဖြတ်ခံနေရသည်သာဖြစ်သည်။
ဖေဖော်ဝါရီ၁ရက်နေ့က ထုတ်ပြန်ခဲ့သော အကြမ်းဖက်စစ်တပ်က သက်တမ်း၆လ အာဏာထပ်ယူကာ မြန်မာပြည်၏ အချုပ်အခြာကို နည်းမျိုးစုံဖြင့် ဆက်လက်ရယူနေမည်ဖြစ်ကြောင်း လူသိရှင်ကြား ကြေငြာခဲ့ပြန်သည်။
၎င်းတို့ဥပဒေကို ၎င်းတို့ ကိုယ်တိုင်ဖောက်ဖျက်ကျူးလွန်ကာ အာဏာသိမ်းခဲ့သည်။ ယခုလည်း ပြည်သူလူထုဆန့်ကျင်နေသည့်ကြားက တိုင်းပြည်အာဏာကို လုံးဝ လက်လွှတ်မည်မဟုတ်ဘဲ ပေကပ်ကာ ရွာပဲ မီးရှို့ရမလား၊ ပြည်သူကို ပြန်သတ်ရမလား၊ လေယာဥ်နဲ့ ကို့တိုင်းပြည်ကို ပြန်ပြီး ဗုံးကြဲရမလား အာဏာရဖို့ ၊ အာဏာမြဲဖို့ မလုပ်ရဲတာဘာမှမရှိဟု လူသိရှင်ကြားကြွေးကြော်ဖူးသူ အကြမ်းဖက်အဖွဲ့အနေဖြင့် ယုတ်မာဖို့ လက်ရွံ့နေမည်မဟုတ်တော့ပေ။
ဂျီနိုဆိုက် မင်းအောင်လှိုင်နှင့် လက်အောက်ခံ စစ်တပ်တစ်ခုလုံး အမျိုးပြုတ်ပျောက်ကွယ်မှ မြန်မာပြည်သည် တရားဥပဒေ စိုးမိုးကာ ငြိမ်းချမ်းသော ၊ လွတ်လပ်သော ပြည်ထောင်စုကြီးဖြစ်လာမည်မှာ မုချဖြစ်တော့သည်။
အကြမ်းဖက် စစ်တပ်ကို အမြစ်ဖြတ်ဖို့ ပြည်သူလူထုအားလုံး နိုင်ရာနေရာမှ ဝင်ကူကာ ညီညီညာညာဖြင့် ရှေ့သို့ ဆက်လက် ချီတက်နေမည်ဖြစ်သည်။
အရေးတော်ပုံ အောင်တော့မည်။
တက်လှိုင်း (မင်းကင်း)
Comments
Post a Comment