"စစ်ရှောင်ပြည်သူလည်း အကြမ်းဖက်သူပုန်ဖြစ်သည်"
နယ်မြေ ရှင်းလင်းရေး အမည်တပ်သည်။ သေနတ်နှင့် ပစ်သည်။ လက်နက်ကြီးတွေနှင့်ရွာထဲလှမ်းပစ်သည်။
ပစ်တော့ အသက်ဘေးကြောင့် ရွာသားတွေ ၊ ပြည်သူတွေ ပြေးသည်၊ မနေရဲတော့။ ထပ်ပစ်သည်။ ဘယ်အိမ်ကျကျ၊ ဘယ်သူသေသေဂရုမစိုက်။
ကိုယ့်အမျိုးကိုယ့်အိမ်မရှိ။

ပြီး ရွာထဲဝင်သည်။ အိမ်ကြီး အိမ်ကောင်းတွေ အရင်ရှာသည်။ ရွှေငွေ၊ အဖိုးတန်ပစ္စည်းများ ရှာသည်။ ယူသည်။ တွေ့ရာ ရိုက်ခွဲ ဖျက်ဆီးသည်။ ရွာလုံးကျွတ် မွှေနှောက်ဖျက်ဆီးသည်။
ထိုအချိန် လူမတွေ့လေနှင့်။ တွေ့လျှင် ဖမ်းသည်။ ဓားစာခံလုပ်သည်။ အဖမ်းမခံဘဲ ပြေးလျှင် သေနတ်နှင့် ပစ်သတ်လေသည်။
ထို့နောက် ရွာတွေကို မီးရှို့သည်။ အိမ်တွေကို မီးရှို့သည်။
နေရပ်ကို စွန့်လို့ ရွာခံပြည်သူတွေ ထွက်ပြေးကြသည်။ ရှောင်ကြရသည်။ အကြမ်းဖက်စစ်သားတွေနှင့် အတွေ့မခံရဲ။
အကြမ်းဖက်စစ်တပ်က စစ်ရှောင်နေသောပြည်သူများကိုပင် ရန်သူဟုမှတ်ယူသည်။ ၎င်းတို့မှ လွဲ၍ ကျန်သူများ အားလုံး ရန်သူဖြစ်သည်။
စစ်ရှောင်များမှာ အကြမ်းဖက် စစ်ကောင်စီကြောင့် နေစရာမဲ့နေသည်။ စားဝတ်နေရေး အကူအညီပေးလျှင် ဖမ်းသည်။ အကြမ်းဖက်အမည်တပ်သည်။ ထို့ကြောင့် စားဝတ်နေရေး ၊ ကျန်းမာရေး၊ ဆေးဝါးအခက်အခဲ စသည်တို့နှင့် စစ်ရှောင် ပြည်သူများ ဒုက္ခရောက်သည်။
စစ်ရှောင်ပြည်သူများမှာ နိုင်ငံနှင့်အဝန်း သန်းနှင့်ချီရှိလာနေသည်။
တဖက်တွင် အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုသည် ၎င်းတို့ကို ထောက်ခံကြောင်း၊ တိုင်းပြည်ကြီးအေးချမ်းနေကြောင်း ကမ္ဘာသို့ သတင်းလွှင့်နေသည်။
လီဆယ်လိမ်ညာကာ၊ ရက်စက်ကောက်ကျစ်မှု၊ ယုတ်မာမှုများကို အဆုံးသတ်မည့်အချိန်ကို လူထုက စောင့်စားလျက်ရှိသည်။
Comments
Post a Comment